“မြန်မာ့ရောင်ခြည်သစ် ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသော မြန်မာ့ရောင်ခြည်သစ်ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

“ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကလေးကစားကွင်းနှင့်ဆက်စပ်သည့်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် နေသော ဟုန်ဖဟုမ်း ကုမ္ပဏီလီမိတက်သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာစီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်း

ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာစီမံကိန်းဆိုင်ရာဆွေးနွေးပွဲကို  ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ International Trade Centre မှ National Consultant ဖြစ်သူ ဒေါ်ဖြူယမင်းမြတ်၊ သက်ဆိုင်ရာဌာနများမှ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၃)ဦး တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာစီမံကိန်း မူကြမ်းအပေါ် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၂း၁၅)တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။  

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဆွတ်ပိုင် ကုမ္ပဏီလီမိတက်မှ တင်ပြလာသော သဘာဝ အခြေခံ ဟိုတယ်နှင့်အပန်းဖြေစခန်းဝန်ဆောင်မှုပေးခြင်းလုပ်ငန်း အား အတည်ပြုမိန့် ထုတ်ပေး နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။