ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကော်မတီအဖွဲ့ဝင်များ နှင့် ရင်းနှီးမြှုပ်နှံသူတို့ တက်ရောက်ခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ခု၏ ရင်းနှီးမြှုပ်နှံသည့် အရပ်ဒေသ ပြောင်းလဲခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပြောင်းအခြောက်ခံသန့်စင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၏ လုပ်ငန်း တည်နေရာပြောင်းလျှောက်ထားခြင်းအပေါ် သက်ဆိုင်ရာဌာနများနှင့်မြေပြင်ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ ၌ အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့် ဆီနေကြာ စိုက်ပျိုးထုတ်လုပ်‌ ရောင်းချခြင်း လုပ်ငန်း ၂ ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ စီးပွားဖြစ်လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှုများအပေါ် ဆွေးနွေးခဲ့ကြပါသည်။