“ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ကနဦးစွမ်းအားမြှင့် အစီအစဉ်” ခေါင်းစဉ်ဖြင့် စီးပွားရေး အသိပညာ မျှဝေပေးခြင်း အခမ်းအနားကို ကယားပြည်နယ် ဒီမောဆိုမြို့ Demoso Lodge ၌ ၂၀၁၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးက ကြီးမှူး၍ နေချားဟောလီးဒေး ကုမ္ပဏီ လီမိတက်၊ ဒီဟူးစ် မြန်မာ ကုမ္ပဏီ လီမိတက်၊ မြန်မာ့ရောင်ခြည်သစ် ကုမ္ပဏီ လီမိတက်၊ အနာဂတ်စွမ်းအား ကုမ္ပဏီ လီမိတက်၊ ချမ်းမြေ့ချို ကုမ္ပဏီ လီမိတက်၊ ကယားမြေ ကုမ္ပဏီ လီမိတက် နှင့် အောင်ရွှေပိုင် ကုမ္ပဏီ လီမိတက်တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ် စိုက်ပျိုးရေး ဝန်ကြီး ဦးဘော့စ်ကို နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် ကယားပြည်နယ်အတွင်းမှ လုပ်ငန်းရှင် စုစုပေါင်း ၁၀၀ ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အဖွင့် အမှာစကား ပြောကြားပါသည်။ ထို့နောက် ပုဂ္ဂလိက အကြံပေး ဦးထွန်းနိုင်ဝင်းမှ “Small is Beautiful” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပြီးနောက် စောဌေးမြင့် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာစောဌေးမြင့်က “စွန့်စားမှု၊ စိန်ခေါ်မှုများ နှင့် လုပ်ငန်းရှင်” ခေါင်းစဉ်ဖြင့် ဟော ပြောပို့ချပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး ကြပြီး အခမ်းအနားကို (၁၆ ၃၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။