ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်သူ တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် Pegu Travels Company Limited မှ တင်ပြလာသော ဘန်ဂလိုတည်ဆောက်၍ ဟိုတယ်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ကလေးကစားကွင်းနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့်လုပ်ငန်း၊ Kayah Traditional Resort တည်ဆောက်ဖွင့်လှစ်ခြင်းလုပ်ငန်းနှင့် ကားကြီးကွင်း တည်ဆောက်ရေး လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၅)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၅)ခု မှ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁၉၄၃ သန်းနှင့် မြန်မာကျပ်ငွေ ၁၇.၅ သန်းရှိမည် ဖြစ်ပါသည်။ ယင်းလုပ်ငန်း (၁၅)ခုမှ အလုပ်အကိုင်အခွင့်အလမ်း ၇၁၂ ဦးကို ဖန်တီးပေးနိုင်ခဲ့ပါသည်။