ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ကော်မတီအဖွဲ့ဝင်များနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီလွင် တို့ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခု အား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၃)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၃)ခု မှ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁၉၄၃ သန်းနှင့် မြန်မာကျပ်ငွေ ၁၃.၂၅ သန်းရှိမည် ဖြစ်ပါသည်။ ယင်းလုပ်ငန်း (၁၃) ခုမှ ပြည်တွင်း အလုပ်အကိုင် ၄၉၃ ဦးကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။